
သမားရိုးကျ ကြက်သားဟင်းတွေကို မစားချင်တဲ့အခါမျိုးမှာ ချက်စားလို့ရအောင် ရေးပေးလိုက်ပါတယ်နော်။
ပါဝင်ပစ္စည်းများ
ကြက်ရင်ပုံ ▪▪▪ ၂၅ ကျပ်သား ( အရေပြားလွတ် )
ကြက်သွန်နီ ▪▪▪ ၂ လုံး
ကြက်သွန်ဖြူ ▪▪▪ ၄ မွှာ
ချင်း ▪▪▪ အနည်းငယ်
စပါးလင် ▪▪▪ ၁ ပင်
ပဲငံပြာရည်အကျဲ ▪▪▪ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ခရုဆီ ▪▪▪ စားပွဲဇွန်း ၃ ဇွန်း
သံပုရာရည် ▪▪▪ စားပွဲဇွန်း ၁ ဇွန်း
နံနံပင် ▪▪▪ ၃ ပင်
ကြက်သွန်မြိတ် ▪▪▪ ၄ ချောင်း
ဆီ
ဆား
အသားမှုန့်
ချက်ပြုတ်နည်း
၁။ ကြက်သားကို သန့်စင်ရေစစ်ပြီးရင် လက် ၁ ဆစ်ခွဲခန့်အရွယ်လေးတွေတုံးပြီး ဆား၊ အသားမှုန့်၊ ပဲငံပြာရည်အကျဲတို့နဲ့နယ်ပြီး နာရီဝက်ခန့်နှပ်ထားပါ။
၂။ ကြက်သွန်နီကို အဝိုင်းပုံ လှီးထားပါ။ စပါးလင်ကို အရင့်နေရာများဖယ်ပြီး ပါးပါးလှီးပါ။ ချင်းကို အခွံခွာပြီး စပါးလင်၊ ချင်းနဲ့ ကြက်သွန်ဖြူတို့ကို ညက်အောင်ပြုလုပ်ပါ။ နံနံပင်နဲ့ ကြက်သွန်မြိတ်တို့ကို ပါးပါးလှီးထားပါ။
၃။ ဟင်းချက်မည့်အိုးထဲက ဆီပူရင် ညက်အောင်ပြုလုပ်ထားသည်များကို ကြက်သွန်နီနဲ့အတူ ကြော်ပါ။ ညက်အောင်ပြုလုပ်ထားသည်များနွမ်းရင် ကြက်သားနဲ့ ခရုဆီကိုထည့်ပြီး နှံ့အောင်မွှေပါ။ ကြက်သားကျက်ရုံ ရေနွေးထည့်ပြီး အဖုံးအုပ်ကာချက်ပါ။
၎။ ကြက်သားကျက်ပြီး ဆီပြန်ရင် သံပုရာရည်ညှစ်ထည့်ပြီး နှံ့အောင်မွှေပါ။ အရသာကို မိမိစိတ်ကြိုက်ပြုပြင်ပြီးရင်တော့ နံနံပင်နဲ့ ကြက်သွန်မြိတ်များကို အုပ်လိုက်ပါ။
သံပုရာရည်ရဲ့ အချဉ်အရသာအနည်းငယ်ထည့်ပြီး ချက်ထားတဲ့ ကြက်သားခရုဆီမွှေးကြော် ဟင်းလျာလေးကို နှစ်သက်ကြမှာပါရှင့်။
