
ဒီတစ်ခါတော့ ထိုင်းအစားအစာပါ .... လူတိုင်းလိုလို စားဖူးကြမယ် ထင်ပါတယ် ... မျှင်ငပိရဲ့ အရသာ ၊ ပုစွန်ခြောက်မှုန့် အရသာနဲ့ အစပ်အရသာတို့ကို ရောစပ်ထားတဲ့ ထမင်းကြော် တစ်မျိုးပါ ... ဆိုင်ကိုလိုက်ပြီး ဗားရှင်းကွဲပါတယ် ... တစ်ချို့ဆိုင်တွေက အရွက်တွေ ထည့်မကြော်တတ်ပါဘူး ... ကြက် ၊ ဝက် ၊ Seafood ဆိုပြီး ခွဲထားပါတယ် ... ဒီနေ့ ရတနာက Seafood သုံးပြီး ကြော်ထားပါတယ် ... ဒီထမင်းကြော်မှာ ပဲငံပြာရည် မသုံးပါဘူး ... အရောင်ထွက်နေတာက ငပိနဲ့ ငရုတ်သီးမှုန့်သုံးထားတာပါ ... စလုံးမှာ ဒါမျိုး တစ်ပွဲကို ၈ ဒေါ်လာ လောက်ပေးဝယ်စားရပါတယ် ... ပူပူနွေးနွေးလေး စားမှ အရသာ အရမ်းရှိတဲ့ အစားအစာမျိုးပါ ........................
ချက်နည်း - အရင်ဆုံး ကြက်သွန်ဖြူ ၊ နီ ကို နှုတ်နှုတ်စဉ်းထားပါ .... မျှင်ငပိကို ရေနဲ့ အနှစ်လေး ဖျော်ထားပေးပါ ... ပြီးရင် အဲဒီ ကြက်သွန်တွေနဲ့ ပုစွန်မှုန့် ငပိအနှစ်တွေကို ရောပြီး ဆီချက်ပေးပါ ...
ကင်းမွန် နဲ့ ပုစွန်ကို ပြုတ်ထားပေးပါ ... ကင်းမွန်ကို အနေတော် လှီးထားပေးရပါမယ် ... ထမင်းကို ငါးငံပြာရည် ၊ ငရုတ်သီးအစိမ်းမှုန့် ၊ ဆီချက်ထားတဲ့ အနှစ်တွေနဲ့ ရောနယ်ပေးပါ ... ပြီးရင် ဒယ်အိုးထဲ ဆီ ပါတယ်ဆိုရုံလေး (တကယ့်နည်းနည်းလေး) ချက်ထားပါ ... ဆီကျက်ပြီဆိုရင် နယ်ထားတဲ့ ထမင်းကို ထည့်မွှေပေးပါ ... ပွအောင်ထိ အသေချာခေါက်(ခလောက်) ထားတဲ့ ကြက်ဥကို ထည့်ပြီး မွှေပေးပါ ... ငရုတ်သီး အနီတောင့်လေး တစ်တောင့်လောက်ကို ပါးပါးညှပ်ထည့်ပေးပါ ... ပြီးမှ လှီးထားတဲ့ ကင်းမွန်နဲ့ ပုစွန်ကို ထည့်ပေးပါ ... အိုးမထုတ်ခင်မှာ မိမိထည့်မယ် ရည်ရွယ်ထားတဲ့ အရွက်စိမ်းလေးကို ထည့်ပေးပြီး တစ်ပြန်မွှေပေးပါ ... အဖုံးလေး ၃ မိနစ်လောက် အုပ်ထားပေးလိုက်ပါ ... ပြီးရင်တော့ စားရန်အသင့် အနံ့ အရသာနဲ့ ပြည့်စုံတဲ့ ငပိထမင်းကြော်လေး ရပါပြီ ..................
ရတနာကတော့ ကြက်ဥနဲ့ ငရုတ်သီးကို ထည့်မကြော်ထားပါဘူး ... ရတနာတို့အိမ်ကလူတွေက အစပ်ကြောက်ကြတဲ့အတွက် ငရုတ်သီးမထည့်ဖြစ်ပါ ... ငရုတ်သီးမထည့်ဘဲ ကြက်ဥထည့်ရင် အီသွားမှာမို့လို့ ကြက်ဥပါ မထည့်လိုက်ပါ ... ကြက်ဥထည့်ချင်ရင်တော့ ငရုတ်သီးပါထည့်မှ အီတာကို စပ်တာနဲ့ ထိမ်းပေးသွားမှာဖြစ်ပါတယ် ...
အားလုံးကို ကျေးဇူးပါ ................
အစားအသောက်ကို ဖွယ်ဖွယ်ရာရာ စေတနာထား ချက်ပြုတ်ခြင်းဟာ အနုပညာတစ်မျိုးပါ ........ :)
