အုန်းနို့​ခေါက်​ဆွဲ

အုန်းနို့ခေါက်ဆွဲ
===========


-ခေါက်ဆွဲ ၁ပိသာအတွက် ကြက်သား ၄၀ကျပ်သား၊ငါးဖယ်ခြစ် ၁၀ကျပ်သား၊ခေါက်ဆွဲကျွတ်ခြောက်၁၀ကျပ်သား၊ကုလားပဲစိမ်းမှုန့်နို့ဆီတစ်ဘူး၊အုန်းသီးတစ်လုံး၊ဘဲဥ၁၀လုံး၊ဆီ ၁၅ကျပ်သား၊ကြက်သွန်နီ ၂၅ကျပ်သား၊ဆား-အချိုမှုန့်-သကြား-ဟင်းချက်အရောင်တင်မှုန့်တို့ကတော့သင့်ရုံထည့်ရင်ရပါပြီ။
-ဟင်းချက်နည်းရေးတဲ့အခါ အတိုင်းအတာအချင်အတွယ်တွေကအနှောက်အယှက်ဖြစ်လွန်းလို့ ထည့်မရေးချင်ပါဘူး။ခုဘဲကြည့်-ဘဲဥ ၁၀လုံးမထည့်ဘဲ ၅လုံးထည့်လို့မရဘူးလား။၁၅လုံးထည့်လို့မရဘူးလားလို့ကပ်သီးကပ်သတ်မေးမဲ့သူတွေရှိလာမယ်။မရဘူးလား။ရတယ်။ဒီလိုဆိုရင် ၁၀လုံးလို့ထည့်ရေးတာအလကားဖြစ်သွားပြီ။ဆိုပါစို့-အချိုမှုန့်၅ကျပ်သားထည့်ပါဆိုရင် အချို လေးလေးစားသူအတွက်မမှန်နိုင်ဘူး။အချိုပေါ့စားသူအတွက် များနေပြီ။ကဲ-ဘယ်လိုရေးမလဲ။ကိုယ်ရေးတာလွဲနေမှာ။ဒါပေမဲ့ မချက်တတ်သူမို့အချင်အတွယ်ထည့်ရေးပေးပါဆိုလို့ထည့်ရေးပေးရတယ်။အဓိကက ခေါက်ဆွဲ၁ပိသာအတွက်ပဲမှုန့်ဘယ်လောက်၊အုန်းသီးဘယ်လောက်ဆိုတာဘဲ။ဒါတောင်ပဲရည်အပျစ်အကျဲ-သွေးတိုးအတွက်အုန်းသီးအတိုးအလျော့ကပြောင်းလဲမှာ-
-ထားပါတော့ ။ကျမက ပဲစိမ်းမှုန့်သုံးတယ်။ငံပြာရည်နံ့ကအုန်းနို့မွှေးရနံ့ကိုဖုံးစေလို့ဆားဘဲသုံးတယ်။ပဲကျက်မှုန့်နဲ့ငံပြာရည်သုံးပြီးအုန်းနို့ခေါက်ဆွဲချက်သူတွေက ကျမအုန်းနို့ခေါက်ဆွဲချက်နည်းကမမှန်ပါဘူးလို့ပြောကြမလား။
ကျမ အထပ်ထပ်အခါခါပြောခဲ့သလို ကျမချက်တဲ့နည်းကိုတင်တာပါ။
သူများတွေနဲ့ တူချင်လည်းတူမယ်။တူချင်မှလည်းတူမယ်။
ကြိုက်ရင် ချက်ကြည့်ပါ။မကြိုက်ရင် မချက်ပါနဲ့။
-ကဲ...စချက်ပါမယ်။
ကြက်သားကိုပြုတ်ပြီးမှထည့်ချက်လည်းရတယ်။
အစိမ်းကိုဆီသတ်ပြီးချက်လည်းရတယ်။
ကြက်သားကို အသားချည်းဘဲအတုံးလေးတွေထည့်ချက်လို့ရသလို
အရိုးနဲ့အသားတွဲလျက်ကိုခုတ်ပြီးချက်တာကလဲတမျိုးစားကောင်းပါတယ်။အလှူအတန်းမဟုတ်ဘဲ အိမ်မှာချက်စားတာဆိုရင်တော့ အရိုးကိုက်ရတာ အရသာပါဘဲ။
ကြက်သားကို ကိုင်တွယ်ဆေးကြောပြီးတုံးပါ။
ဆား၊နနွင်းနည်းနည်း၊အချိုမှုန့်နည်းနည်းနဲ့နယ်ပါ။
အုန်းသီးကိုခြစ်ပြီးအုန်းနို့ဦးရည်ပျစ်ပျစ်ညှစ်ထားပါ။
အုန်းနို့ဦးရည်ကို ပျစ်ခဲနေအောင်ကျို ထားပါ။
ကျန်တဲ့အုန်းသီးဖတ်ကို အုန်းနို့နှောင်းရည်ညှစ်ထားပါ။
-ကြက်သွန်နီ၁၅ကျပ်သားလောက်ကို ကြက်သွန်ကြော်ကြော်ပြီး
နီရောင်သန်းလာရင် ဆီချက်ဖတ်ကို ခပ်ထားပါ။
ကျန်တဲ့ကြက်သွန်နီကိုပါးပါးလှီး-ရေဆေးပြီးစစ်ထားပါ။
-ငရတ်သီးတောင့်(ဒါမှမဟုတ်)အရောင်တင်မှုန့်နဲ့
ကြက်သွန်ဖြူ ရောထောင်းပြီး ဆီချက်ချက်ထားတဲ့ဆီမှာဆီသတ်ပါ။
အနံ့မွှေးလာရင် ကြက်သားထည့်ပြီးမွှေပါ။
ကြက်သားခြောက်လာရင် ကုလားပဲအစိမ်းမှုန့်ကို ရေ၃လီတာနဲ့ရောဖျော်ထားတဲ့
ပဲရည်လောင်းထည့်ပါ။မွှေပေးဖို့မမေ့ပါနဲ့။
မမွှေရင် အောက်မှာကပ်တတ်ပါတယ်။
ရေထည့်ရင် ရေအစားအုန်းနို့နှောင်းရည်ထည့်ပါ။
-ပဲရည်ပွက်ပွက်ဆူလာတဲ့အခါ
ပြုတ်ထားတဲ့ဘဲဥနဲ့ငါးဖယ်ခြစ်ကိုပါးပါးလှီးထည့်ပါ။
ဆီချက်ဖတ်ကိုချေ ထည့်ပါ။
ကျို ထားတဲ့အုန်းနို့ထည့်ပါ။
ဆားနဲ့သကြားထည့်ပါ။
အရည်ပျစ်နေရင် လိုအပ်တဲ့အနေရအောင် ရေနွေးထည့်ပါ။
-ဟင်းရည်ကျက်ရင်တော့
ကြက်သွန်နီစိမ်း၊ကြော်ထားတဲ့ခေါက်ဆွဲကျွတ်ကြော်၊
သံပုရာသီး၊အကြော်တို့ထည့်ပြီးစားနိုင်ပါတယ်။
-ကြက်သားကိုဆီသတ်ပြီးပဲရည်မထည့်ဘဲ
ပဲရည်ဆူပွက်မှ ဆီသတ်ထားတဲ့ကြက်သားထည့်လည်းရပါတယ်။
ကြိုက်တဲ့နည်းကိုအသုံးပြု ချက်နိုင်ပါတယ်။
ဘဲဥနဲ့ငါးဖယ်ကို ဟင်းရည်ထဲမထည့်ဘဲ သီးခြားထည့်စားလို့ရပါတယ်။

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.

Below Post Ad